Sunday, February 7, 2016

"ဆံတော်ရှင်ကျိုက်ထီးရိုးဘုရား သို့အလည်တစ်ခေါက်"


Chan Mya's photo.


(1.12.2015)မန္တလေးနေ့စဉ်သတင်းစာ

"ဆံတော်ရှင်ကျိုက်ထီးရိုးဘုရား သို့အလည်တစ်ခေါက်"

ကျိုက်ထီးရိုးဘုရားလို့ပြောလိုက်တာနဲ့ ကျောက်တုံးထိပ်ပေါ်၌ မေးတင်ထားသော တန်ခိုးကြီးဘုရားတစ်ဆူလို့ပြေးမြင်မိမှာ မုချမလွဲပေ။ကျိုက်ထီးရိုးစေတီသည် ပင်လယ်ရေမျက်နှာအထက် (၃၆၁၅)ပေမြင့်မားသည်။ကျိုက်ထီးရိုး၏ မူလအမည်မှာ ကျိုက်ဣသိယို ဖြစ်သည်။ကျိုက် ဆိုတာကတော့ မွန်ဘာသာစကားအမည်ဖြစ်ပြီး ဘုရားလို့ အဓိပ္ပာယ်ရသည်။ဣသိ ဆိုတာကတော့ ပါဠိ လို့ဖြစ်ပြီး ရသေ့ လို့အဓိပ္ပာယ်ရသည်။ယိုဆိုတာကတော့ရွက်ထားသည်လို့အဓိပ္ပာယ်ရလေသည်။အဓိပ္ပာယ်အပြည့်စုံပြန်လိုက်လျှင်"ရသေ့ဦးခေါင်းဖြင့်ရွက်ထားသောဘုရား"လို့အဓိပ္ပာယ်ရလေသည်။ကျိုက်ထီးရိုးတောင်ပေါ်သို့ကိုယ်ပိုင်ကားဖြင့်ပေးမတက်ပေ။အဘယ်ကြောင့်ဆိုသော်အလွန်အသက်အန္တရယ်များသောကြောင့်ဖြစ်သည်။ယခုလည်းစာရေးသူတို့သူငယ်ချင်းတစ်စုသည်တောင်ပေါ်တက်ရန်တောင်အောက်ခြေမှကားစီးရန်လမ်းလျှောက်လာခဲ့သည်။တောင်တက်ကားအသင်းသည်လူတစ်ဦးနှစ်ထောင့်ငါးရာကျပ်ယူပြီးရင်ပြင်ပေါ်ခြေထိလိုက်ပို့ပေးသည်။ကျွမ်းကျင်ကားသမားများဖြစ်ပြီးကားတစ်စီးလျှင်လည်းလေးဆယ့်နှစ်ယောက်ပဲတင်လေသည်။ပိုပြီးတင်၍လည်းမရပါ။ထို့နောက်စာရေးသူတို့သူငယ်ချင်းတစ်စုသည် တောင်ပေါ်သို့ကားစီး၍တက်ခဲ့ကြလေသည်။တောင်ခြေ နှင့် တောင်ပေါ်သည်၉မိုင်နဲ့၎ဖာလုံဝေးသည်။ဒီလိုနဲ့အကွေ့အကောက်လမ်းလေးများအတိုင်းတောင်တက်ကားသမားကြီးရဲ့ကျွမ်းကျင်မှုဖြင့်ရင်ပြင်တော်ခြေရောက်ခဲ့သည်။ရင်ပြင်တော်ကနေဘုရားထိကငါးမိနစ်လောက်လမ်းလျှောက်ရသေးတယ်။မုဒ်ဦးထိကားများကိုတက်ခွင့်မပေးထားပေ။စာရေးသူတို့သူငယ်ချင်းတစ်စုလည်းလမ်းလျှောက်တက်လာရင် လမ်းဘေးဝဲယာသို့ကြည့်ရှူ့လိုက်သော်အခါ အမှတ်တရ ပစ္စည်းရောင်းဆိုင်နှင့် ထမင်းဆိုင်တို့တွင်လူများစည်ကားကျပ်ညပ်နေသည်။ဒီလိုနှင့်စာရေးသူတို့သူငယ်ချင်းတစ်စုသည်ဆံတော်ရှင်ကျိုက်ထီးရိုးစေ၏ခြေတော်ရင်းသို့ရောက်ရှိလာသည်။တန်ဆောင်မုန်းလပြည့်နီးလို့ စေတီရဲ့အဝင်လမ်းဘက်မှလည်း အလွန်မွှေးကြိုင်လှပတဲ့ ပန်းစေတီတစ်ဆူလည်းတည်ထားပေးသည်။ကျိုက်ထီးရိုးစေတီအား ရွှေသင်္ကန်းကပ်လှူရန် ရွှေဆိုင်းများဝယ်ယူပြီး တစ်ဦးခြင်းဝင်ပြီးကပ်ရလေသည်။အဘယ်ကြောင့်ဆိုသော် ထိုနေရာသို့ လက်ကိုင်ဖုန်း ပိုက်ဆံအိတ် မျက်မှန်မှအစ မည်သည့်ပစ္စည်းမှ ယူ၍မရပေ။ထို့အတွက်ကြောင့်တစ်ဦးခြင်းဝင်ရလေသည်။ရင်ပြင်တော်ပေါ်တွင်လည်းဘုရားဖူးပြည်သူများနားနေနိုင်ရန်ယာယီတဲများကိုဆောက်လုပ်ပေးထားသည်။ဒီလိုနဲ့စာရေးသူတို့သူငယ်ချင်းတစ်စုသည်ရင်ပြင်တော်ပေါ်တွင်ညအိပ်ကြပြီး အောက်ဒိုးဓာတ်ပုံများရိုက်ကြ ဟိုလူရိုက်ပေးဒီလူရိုက်ပေးအချိန်ကုန်ဆုံးခဲ့သည်။မနက်စောစော ဆံတော်ရှင်ကျိုက်ထီးရိုးစေတီ ဆီမီး အမွှေးတိုင်များကပ်လှူ အဓိဌာန်ပုတီးများစိတ်၍ တောင်ပေါ်မှပြန်ဆင်းလာခဲ့သည်။ဗုဒ္ဓဘာသာမြန်မာလူမျိုးတစ်ယောက်အဖို့ ဘဝတစ်သက်တာ၌ ကျိုက်ထီးရိုးဘုရားသို့ မရောက်ဖူးလျှင်မပြည့်စုံဟု မြင်မိသည်။ကျိုက်ထီးရိုးဘုရားသို့ ကိုယ်တိုင်ကိုယ်ကြသွားရောက်ဖူးမျှော်ဖြစ်ကြသည့်အခါတွင် ကြည်ညိုသပ္ပာယ်ဖွယ်ကောင်းလှသောဘုရားတစ်ဆူဖြစ်ကြောင်းမျက်ဝါးထင်ထင်ရှုမြင်ကြရပေမည်။

ချစ်ခြင်းအားဖြင့်
ချမ်းမြ

(1.12.2015)မန္တလေးနေ့စဉ်သတင်းစာ

"နာမည်လေးက မစီမာ"


(၈.၁၂.၂၀၁၅)မန္တလေးနေ့စဉ်သတင်းစာ

"နာမည်လေးက မစီမာ"

ရောင်စုံစက္ကူလေးနဲ့ပတ်ထားတဲ့
အချဉ်ပေါင်းထုတ်လေးပေါ်က
အဖွားရဲ့ နာမည်ကို ဦးစံဖေ ကြောင့်
နားထဲစွဲနေတာ ခုထိပေါ့
ယူပါ ယူပါ တစ်ဆယ်
ဝယ်ပါ ဝယ်ပါ တစ်ဆယ်
တစ်ထုတ်မှတစ်ဆယ်ထဲ
ဇီးမလိုင် ဇီးငန်ပြား သရက်ပြား
နာမည်လေးက မစီမာ
အဖွားမစီမာ မရှိတော့ပေမယ့်
ရောင်စုံစက္ကူလေးပေါ်က
အဖွားနာမည် နဲ့ ဦးစံဖေ ရဲ့အော်သံတွေဟာ
မန္တလေးနန်းမြို့ရိုးလေးပေါ်မှာလွှင့်ပျံ့နေအုံးမှာပါ

(၂၀၁၅ ဒီဇင်ဘာ ၅ ရက်နေ့က ကွယ်လွန်သွားသော
အဖွားမစီမာသို့ ကြေကွဲလွမ်းဆွတ်ခြင်း)

ချစ်ခြင်းအားဖြင့်
ချမ်းမြ

"သားတို့ ရဲ့ အမေ မာပါစေ"

Chan Mya's photo.
"15.1.2016 သောကြာနေ့ စံတော်ချိန်နေ့စဉ်သတင်းစာ"

"သားတို့ ရဲ့ အမေ မာပါစေ" 

အလှပဆုံး ပြုံးပြုံးပြတက်တဲ့
ကျွန်တော့်တို့ အမေ......
မာယာများတဲ့ လောကဓံလမ်းကိုလမ်းပြပေးတဲ့
ကျွန်တော့် တို့ အမေ

အမေ့ စီမှာ ငြိမ်းချမ်းရေးတွေရှိတယ်
အမေ့ စီမှာ နွေးထွေးတဲ့ ကြင်နာမှုတွေရှိတယ်
အမေ့ စီမှာ တန်းတူညီမျှတဲ့ ချစ်ခြင်းမေတ္တာတွေရှိတယ်
အမေ့ စီမှာ......
ကမ္ဘာကြီးကို ကိုင်လုပ်နိုင်တဲ့ လက်စုံရှိတယ်။ ။
အမေ......
သားတစ်ယောက်ရဲ့
ရင်နဲ့ ယက်လုပ်
အရိုးသားဆုံး ရေးဖွဲ့ထားတဲ့
ရသ ကဗျာ တစ်ပုဒ် နဲ့
ဦးချ ကန့်တော့လိုက်ပါတယ်
သားတို့ ရဲ့ အမေ မာပါစေ.......။ ။

{မြန်မာနိုင်ငံတွင်ကျင်းပမည့် (၂၀) ကြိမ်မြောက် "အမေနေ့"အတွက်ရည်ဇူးပူဇော်ပါသည်}

ချစ်ခြင်းအားဖြင့်
ချမ်းမြ

"ကမ္ဘာမကြေသီချင်း ရဲ့ နောက်ဆုံးနေ့ရက်များဆီသို့"

Chan Mya's photo.
"ကမ္ဘာမကြေသီချင်း ရဲ့ နောက်ဆုံးနေ့ရက်များဆီသို့"

   နိုဗယ် - မြန်မာ စာပေပွဲတော် ၂ ၀ ၁ ၆ အမှတ်တရ ကဗျာများ

အမှတ်(၉)စိန့်ပီတာကျောင်းမှာ
ကမ္ဘာမကြေသီချင်းကိုမညီမညာအော်ဆိုခဲ့ကြတာ
မင်းတို့ မှတ်မိနေအုံး မယ်ဆိုရင်
ငါတို့တွေ ကမ္ဘာမကြေဘူးသီချင်း ကိုတော့
ညီညီညာညာဆိုရအောင်

မှတ်မိအုံးမလား သူငယ်ချင်းတို့
မင်းတို့နဲ့ဘောလုံးကန်လို့ မဲသွားတဲ့ ကျောင်းအင်္ကျီအဖြူလေးလေ
အခုတော့ သွေးအစွန်းကွပ်တွေနဲ့ပေါ့
ငါလေ ဒေါင်းအလံကို ဆုပ်ကိုင်မိချိန်
အတန်းထဲမှာ မင်းတို့ကို ငါရွတ်ပြနေကြ
ရွှေဘုန်းလူ ရဲ့ "ကျောင်းဖွင့်ချိန်"ကဗျာက
ငါ့ နှလုံးသားမှာလာချိတ်နေတာ သတိမထားခဲ့မိဘူး
သူငယ်ချင်းတို့ မှတ်မိသေးလား
အတန်းထဲမှာ ငါ့ကို တွေ့တိုင်း
မင်းတို့ရေးထားတဲ့ အချစ်ကဗျာတွေ လာပြီးပြကြတယ်လေ
ဒီတစ်ခါ မင်းတို့ နဲ့ ငါ လမ်းမှာဆုံဖြစ်ကြရင်
သူငယ်ချင်းတို့ ရေးထားတဲ့ ကဗျာတွေထဲက
တော်လှန်ရေး ကဗျာတစ်ပုဒ်လောက် ငါ့ကိုပြစမ်းပါကွာ
တကယ်တော့
ငါတို့ လူငယ်တွေရဲ့ ဘဝဆိုတာ
ပန်းခင်းလမ်းထဲမှာလမ်းလျှောက်နေရတာမဟုတ်ဘူး
လေးဖြူ ရဲ့ အမဲလိုက်က သီချင်းလို
တောနက်ထဲမှာ လမ်းလျှောက်နေရတာ သူငယ်ချင်း
မတော်တဆ ဒီကဗျာကို မင်းတို့ ဖတ်ခဲ့မိရင်
ကမ္ဘာမကြေသီချင်း ရဲ့ နောက်ဆုံးနေ့ရက်တွေကို
ငါတို့ သူငယ်ချင်းတွေအားလုံး
ပြန်လည်အသက်သွင်း လွမ်းဆွတ်ကြမယ်။

ချစ်ခြင်းအားဖြင့်
ချမ်းမြ

န   နိုဗယ် - မြန်မာ စာပေပွဲတော်
၂ ၀ ၁ ၆
အမှတ်တရ ကဗျာများ

"ဧရာဝတီ"

 "ဧရာဝတီ"

(၂၈.၁.၂၀၁၆) မန္တလေးနေ့စဉ်သတင်းစာ

ဧရာဝတီ သည် ဧရာဝတီ
ဒီအမည်ဖြင့် နှစ်ပေါင်းတာရှည်
လည့်လည်စီးဆင်းနေတာ ဧရာဝတီ
ပြောင်းချင်ရာပြောင်း
ဟောင်းချင်ရာဟာဟောင်း
ဘာတွေဘယ်လောက်ပြောင်းပြောင်း
ဘာတွေဘယ်လောက်ဟောင်းဟောင်း
မပြောင်းလည်းတာက
ဧရာဝတီ သည် ဧရာဝတီ။ ။

ချစ်ခြင်းအားဖြင့်
ချမ်းမြ

"ကဗျာထဲက မန္တလေး"

 "ကဗျာထဲက မန္တလေး"

၂၉ ရက် ၊ ဇန်နဝါရီလ ၊ ၂၀၁၆ သောကြာနေ့ စံတော်ချိန်နေ့စဉ်သတင်းစာ

အခုကျွန်တော်ရေးတဲ့ ကဗျာထဲက မန္တလေးကတော့ ကျွန်တော်နဲ့စာရေးဖော်ရေးဖက်အရမ်းခင်မင်ရင်နီးတဲ့ ဆရာမ ခိုင်ဇင် (မန္တလေး)ရဲ့ ကဗျာလေးကို ပြန်ခံစားပြီးတင်ပြထားတာပါ။ဆရာမက သူ့ကဗျာရဲ့ခေါင်းစဉ် ကို "မန္တလေး ကဗျာ" လို့အမည်ပေးထားပါတယ်။စက်တင်ဘာ ၁၈ ရက်နေ့က စံတော်ချိန်နေ့စဉ်သတင်းစာက မန္တလေး အချပ်ပို မှာဖော်ပြထားတဲ့ကဗျာလေးပါ။ကဗျာရဲ့ပထမပိုဒ်မှာ ဆရာမက

"တက္ကသိုလ်ဟာ ပန်းခြံဖြစ်သွားတဲ့အခါဖြူနီစပ်တွေဟာ ဒို့မြို့ကို သေနတ်တစ်ချက်မဖောက်ရပဲ
သိမ်းပိုက်သွားပေါ့"


အဖွင့်သိပ်လှတဲ့ကဗျာလေးတစ်ပုဒ်ပါ။မြန်မာတွေစည်းကမ်းဖောက်လို့ ထီးနန်းတစ်ခါပြောက်ခဲ့ပြီးပါပြီ။ဆရာမက ရတနာပုံတက္ကသိုလ် ဝန်းထဲမှာ ဓာတ်ပုံနဲ့ကွန်ပျူတာစာစီစာရိုက်ဆိုင်လေးဖွင့်ထားပါတယ်။အလုပ်ပြီးမိုးချုပ်တော့မှအိမ်ပြန်ရတော့ တက္ကသိုလ်ဝင်းထဲမှာက ချစ်သူရည်းစားအတွဲတွေနဲ့ပြည့်နက်နေကြောင်းဆရာမကတစ်ခါပြောပြထားဘူးတယ်။အဲဒါလေးတွေကို ဆရာမက စာဖတ်သူတွေမြင်အောင် အရင်ဆုံးချပြလိုက်တာပါ။ကဗျာရဲ့ ဒုတိယနဲ့တတိယအပိုဒ်မှာတော့

"မြင်လေရာရာ မှားယွင်းမှုတွေနဲ့
အရိုင်းဆန်တဲ့မြို့ဟာ
တစ်ချိန်ကယဉ်ကျေးမှုမြို့တော်တဲ့လား
မဟာဆန် ၊ ဂန္တဝင်ဆန်
နန်းဆန်တဲ့မြို့အဖြစ်ကနေ
နောက်ဘာတွေဆန်လာအုံးမှာလည်း"

တစ်ချိန်က ရင်ဖုံးအင်္ကျီ ၊ ချိတ်ထဘီ ၊ ရွှေခြေကျင်းနဲ့ သမီးပျိုလေးတွေ အခုတော့ဖြင့်
မန္တလေးသူလို့လူလည်ခေါင်မှာပြောဖို့ရှက်ဖို့ကောင်းသည်။ရင်ဖုံးအင်္ကျီ ၊ ချိတ်ထဘီ တို့ကလည်း ပွဲသား ပွဲလာ အဝတ်စားအဖြစ်သတ်မှတ်ခံခဲ့ရသည်။ထိုအကြောင်းကို ဆရာမက လှပစွာဖွဲ့ဆိုပြသွားပြီး ကျုံးဘေးတစ်လျှောက်မြင်တွေ့ရတာတွေကို ဆရာမက စာဖတ်သူတွေသိအောင်ကဗျာရဲ့ စတုတ္ထအပိုဒ်ကိုအခုလိုရေပြထားသည်။

"ကြာဖြူ ကြာနီတွေနဲ့
ပနံရတဲ့ကျုံးရေပြင်
ပေါင်တို ပေါင်ညိုတွေနဲ့
အရိုင်းဆန်တဲ့ကျုံးရေပြင်"

တစ်ချိန်က ကြာပန်းတွေနဲ့ အရမ်းလှပတဲ့ ကျုံးရေပြင်ကြီးနဲ့ ယခု မန္တလေးသူညိုချောတွေက ဒူးပေါ် ပေါင်တိုတွေ နဲ့အရိုင်းဆန်နေတဲ့ကျုံရေပြင် ဆိုပြီး နှစ်ခုလုံးပေါ်လွင်အောင်ရေးပြထားသည်မှာအလွန်လှပသည်။ကဗျာရဲ့ ပဉ္စမပိုဒ်မှာတော့

"ယဉ်ကျေးမှုမြို့တော်မှသည်
လုယက်မှုမြို့တော်ဆီသို့
တစ်စတစ်စတိုးတက်ဖြစ်ထွန်းနေတဲ့
ဟသာင်္တို့ရဲ့ နန်းတော်ရှေ့"

ဆရာမက လုယက်မှုတွေမဖြစ်လိုက်နဲ့ ဖြစ်လိုက်ရင် မန္တလေးပဲလို့မပြောပဲ စကားလုံးကိုကျစ်လစ်စွာဖြင့် စာဖတ်သူတွေကိုပြောပြထားသည်။ဟိုတစ်ချိန်က မြွေတွေ ကင်းတွေပေါတဲ့ နန်းရှေ့ဟာလည်း အခုတော့ဖြင့် မိုးမျှော်တိုက်ကြီးတွေနဲ့ဟီးလို့ လူမျိုးခြားတွေပိုင်ဆိုင်ထားကြောင်းကို ကွပ်ကွပ်ကွင်းကွင်းမြင်အောင်ရေးပြထားသည်။
ကဗျာရဲ့နောက်ဆုံးအပိုဒ်ကိုဖတ်လိုက်တော့ ဆရာမ သူ့မြို့ကြီးကိုဘယ်လောက်ချစ်ကြောင်း မြတ်နိုးကြောင်းကို ကဗျာထဲမှာအထင်းသားမြင်တွေ့နိုင်သည်။

"လွမ်းမိတယ် တစ်ချိန်က
ရိုးရိုးယဉ်ယဉ် မန္တလေး
ပြန်မရနိုင်မှန်းသိလျက်နဲ့
ကျွန်မဟာ အရူးတစ်ယောက်လို
အဲဒီမြို့လေးကို
ဂန္တဝင်ဆန်စေချင်တုန်းပဲ"

ကဗျာလေးက ထိုနေရာပင်အဆုံးသတ်ခဲ့သည်။ကျွန်တော်ကတော့ ကဗျာတွေဖွဲ့လို့မကုန်တဲ့ မန္တလေးမြို့ကြီး ကဗျာများနဲ့အတူ ကျန်းမာ ချမ်းသာပါစေကြောင်း ဆုတောင်းနေမိသည်။

ချစ်ခြင်းအားဖြင့်
ချမ်းမြ



“ကျွန်တော့် အချစ်ဦး”

 “ကျွန်တော့် အချစ်ဦး”

၅ ရက် ၊ ဖေဖော်ဝါရီ ၊ ၂၀၁၆ (သောကြာနေ့) စံတော်ချိန်နေ့စဉ်သတင်းစာ

"အုတ်ကျစ်ကျော်အေး မန္တလေး အောင်ကျော်ချမ်းအေး မန္တလေး" တဲ့။ကျွန်တော်ဒီမြို့လေးကိုသံယောဇဉ်ကြီးနေပါပြီ။တချို့စာရေးဖော်သူငယ်ချင်းတွေကဆို ကျွန်တော့်ကို ဒေသစွဲကြီးတယ်အမြင်ကျဉ်းတယ်ဆိုပြီးပြောကြပါတယ်။တကယ်တော့ကျွန်တော်ကအမြင်ကျဉ်းတာမဟုတ်ပါဘူး။ဒေသစွဲကြီးတာလည်းမဟုတ်ပါဘူး။ဒါဖြင့်ဘာလည်းဆိုတော့ မြတ်နိုးတာချစ်တာပါ။ဘာတွေမြတ်နိုးတာလည်းဆိုတော့မြန်မာ့ယဉ်ကျေးမှုအနုပညာမြို့တော်အဖြစ်ယနေ့တိုင်တည်ရှိနေတာကိုဂုဏ်ယူတာပါ။ရှေးဟောင်းယဉ်ကျေးမှုတွေကို မြတ်နိုးတာပါ။မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများကိုထိန်းသိမ်းစောင့်ရှောက်ထားတဲ့ နောက်ဆုံးခံတပ်ကြီး (The last bastion of Myanmar language and culture) အဖြစ်တည်ရှိနေခြင်းကြောင့်ပါ။ ဒါကြောင့် မန္တလေးမြို့ကိုသံယောဇဉ်ကြီးနေပြီလို့ဆိုရတာပါ။ပြီးတော့မန္တလေးကနေစာပေပညာရှင်တွေအများအပြားလည်းပေါ်ထွက်ခဲ့ပါတယ်။ဒါတွေကိုချစ်ခင်မြတ်နိုးလို့မန္တလေးကနေလည်းဘယ်မြို့ကိုမှစွန့်ခွာမသွားဘူးလို့လည်းဆုံဖြတ်ထားတာပါ၊
နောက်သမိုင်းတွေမကောင်းလူကြီးတွေမကောင်းတော့ပေမယ့်ကျွန်တော်ဒီမြို့လေးကိုချစ်နေတုန်းပါပဲ။လက်ဖက်ရည်ဆိုင်မှာသူငယ်ချင်းတစ်စုစကားပြောလို့ မန္တလေးမြို့ကို ဘာဖြစ်တယ်ညာဖြစ်တယ် တရုတ်မြို့ဖြစ်နေပြီဘာညာပြောရင်အရင်ဆံုးကျွန်တော်နဲ့ စကားများတာပဲ။ဒါကြောင့်တချို့သူငယ်ချင်းတွေက ကျွန်တော်ကို ရွှေမန်း လို့ဆိုပြီးနာမည်ပြောင်ပေးထာကြပါတယ်။ဒုတိယသမ္မတတော့မဟုတ်ဘူးဗျ။မန္တလေးကိုတအားချစ်လို့ပါ။ကျွန်တော် မန္တလေးကို စချစ်မိတဲ့အချိန်က အထက်တန်းကျောင်းသားဘ၀ တုန်းကဆရာမ ကျွန်တော်တို့ချစ်သောမြို့ဆိုတဲ့ခေါင်းစဉ်နဲ့ စာစီစာကုံးရေးခိုင်းပါတယ်။ကျောင်းဆင်း အိမ်ရောက်တော့ အိမ်ကလူတွေကိုပြောတာပေါ့။ကျွန်တော်ဘယ်မြို့အကြောင်းရေးရမလည်းဆိုတော့ ဦးလေးဖြစ်သူက နောက်ရက်ငါနဲ့လိုက်ခဲ့ပြီးရင် အဲဒီမြို့လေးအကြောင်းရေးတဲ့။နောက်ရက် ဦးလေး ကျွန်တော် မောင်ဗမာ စက်ဘီးလေးနဲ့ မနက်ကတည်းကထွက်လာတယ်။ကျွန်တော့်ကို မန္တလေးနန်းတွင်းအရင်ပို့ပေးတယ်။ပြီးတော့ ကုသိုလ်တော် ၊ အတုမရှိကျောင်း ၊ သုဓမ္မဇရပ်တန်း ၊ ဦးပိန်တံတားမန္တလေးမြို့ရဲ့အလှတရားတွေနဲ့ကျွန်တော်ကိုမိတ်ဆက်ပေးတယ်။ချစ်တက်အောင်လို့စသင်ပေးတယ်လေ။ကျွန်တော့်အချစ်ဦး က မန္တလေး ပေါ့။နောက်ပြီးတော့ဦးလေးက ကျွန်တော့်ကိုမန္တလေးသမိုင်းကြောင်းပြောပြတယ်။လူထုသတင်းစာတိုက်အကြောင်း ၊ အဘိုး လူထုဦးလှ နဲ့အဘွားလူထုဒေါ်အမာတို့အကြောင်းတွေပြောပြတယ်။ပြီးတော့ဦးလေးက ပြောတယ်။ကဲ မင်းချစ်တဲ့မြို့အကြောင်းရေးတော့တဲ့။ကျွန်တော်ချစ်တဲ့မြို့အကြောင်းရေးလာတာဟာ အဲဒီတုန်းကနေ ယနေ့ထိပဲပေါ့။ရေးလို့ကိုမဆုံးပါဘူး။သိပ်ချစ်စရာကောင်းတဲ့မြို့လေးပါ။တတိယမြိုကတော်ဖြစ်နေသော်လည်း ကမ္ဘာ့အဖော်ရွေဆုံးမြို့တွင် မန္တလေးမြို့ကပါဝင်နေသည်။ကျွန်တော်ချစ်သလိုမျိုး အခြားသူတွေကို ဒီမြို့လေးကိုချစ်စေချင်သည်။မြင်လှည်းသံတွေပြောက်သွားပြီး တရုတ်ဆိုင်ကယ်တွေပေါလာပေမယ့် မန္တလေးဟာ မန္တလေးပါပဲ။ရုံကြီးဆယ်နှစ်ရုံမဟုတ်တော့မဟုတ်တော့ပေမယ့် မန္တလေးဟာ မန္တလေးပါပဲ။
အရင်လို အငြိမ့်ပွဲတွေမပေါတော့ပေမယ့် မန္တလေးဟာ မန္တလေးပါပဲ။
ကျွန်တော်က မန္တလေးကို ရင်ထဲက လှုပ်ရှားတုန်ယင်စွာချစ်နေဆဲပါ။မန္တလေးကို ချစ်သူဖြစ်၏။မန္တလေးသည် ချစ်သူဖြစ်၏။အရင်တုန်းကမန္တလေး မဟုတ်တော့သော်လည်း ရင်ထဲက အလွမ်းတေးများစီစွာနဲ့မန္တလေးကိုချစ်နေအုံးမှာအမှန်ပင်ဖြစ်သည်။

မန္တလေးကျန်းမာပါစေ
မန္တလေး လွတ်မြောက်ပါစေ
မန္တလေးငြိမ်းချမ်းပါစေ
မန္တလေး အတွက်
ကျွန်တော့်ဆုတောင်းသံတွေ
မန္တလေး ကြားနိုင်ပါစေသား…။ 

ချစ်ခြင်းအားဖြင့်
ချမ်းမြ

၅ ရက် ၊ ဖေဖော်ဝါရီ ၊ ၂၀၁၆ (သောကြာနေ့)
စံတော်ချိန်နေ့စဉ်သတင်းစာ