"ကဗျာထဲက မန္တလေး"
အခုကျွန်တော်ရေးတဲ့ ကဗျာထဲက မန္တလေးကတော့
ကျွန်တော်နဲ့စာရေးဖော်ရေးဖက်အရမ်းခင်မင်ရင်နီးတဲ့ ဆရာမ ခိုင်ဇင်
(မန္တလေး)ရဲ့ ကဗျာလေးကို ပြန်ခံစားပြီးတင်ပြထားတာပါ။ဆရာမက
သူ့ကဗျာရဲ့ခေါင်းစဉ် ကို "မန္တလေး ကဗျာ" လို့အမည်ပေးထားပါတယ်။စက်တင်ဘာ ၁၈
ရက်နေ့က စံတော်ချိန်နေ့စဉ်သတင်းစာက မန္တလေး အချပ်ပို
မှာဖော်ပြထားတဲ့ကဗျာလေးပါ။ကဗျာရဲ့ပထမပိုဒ်မှာ ဆရာမက
"တက္ကသိုလ်ဟာ ပန်းခြံဖြစ်သွားတဲ့အခါဖြူနီစပ်တွေဟာ ဒို့မြို့ကို သေနတ်တစ်ချက်မဖောက်ရပဲ
သိမ်းပိုက်သွားပေါ့"
အဖွင့်သိပ်လှတဲ့ကဗျာလေးတစ်ပုဒ်ပါ။မြန်မာတွေစည်းကမ်းဖောက်လို့ ထီးနန်းတစ်ခါပြောက်ခဲ့ပြီးပါပြီ။ဆရာမက ရတနာပုံတက္ကသိုလ် ဝန်းထဲမှာ ဓာတ်ပုံနဲ့ကွန်ပျူတာစာစီစာရိုက်ဆိုင်လေးဖွင့်ထားပါတယ်။အလုပ်ပြီးမိုးချုပ်တော့မှအိမ်ပြန်ရတော့ တက္ကသိုလ်ဝင်းထဲမှာက ချစ်သူရည်းစားအတွဲတွေနဲ့ပြည့်နက်နေကြောင်းဆရာမကတစ်ခါပြောပြထားဘူးတယ်။အဲဒါလေးတွေကို ဆရာမက စာဖတ်သူတွေမြင်အောင် အရင်ဆုံးချပြလိုက်တာပါ။ကဗျာရဲ့ ဒုတိယနဲ့တတိယအပိုဒ်မှာတော့
"မြင်လေရာရာ မှားယွင်းမှုတွေနဲ့
အရိုင်းဆန်တဲ့မြို့ဟာ
တစ်ချိန်ကယဉ်ကျေးမှုမြို့တော်တဲ့လား
မဟာဆန် ၊ ဂန္တဝင်ဆန်
နန်းဆန်တဲ့မြို့အဖြစ်ကနေ
နောက်ဘာတွေဆန်လာအုံးမှာလည်း"
တစ်ချိန်က ရင်ဖုံးအင်္ကျီ ၊ ချိတ်ထဘီ ၊ ရွှေခြေကျင်းနဲ့ သမီးပျိုလေးတွေ အခုတော့ဖြင့်
မန္တလေးသူလို့လူလည်ခေါင်မှာပြောဖို့ရှက်ဖို့ကောင်းသည်။ရင်ဖုံးအင်္ကျီ ၊ ချိတ်ထဘီ တို့ကလည်း ပွဲသား ပွဲလာ အဝတ်စားအဖြစ်သတ်မှတ်ခံခဲ့ရသည်။ထိုအကြောင်းကို ဆရာမက လှပစွာဖွဲ့ဆိုပြသွားပြီး ကျုံးဘေးတစ်လျှောက်မြင်တွေ့ရတာတွေကို ဆရာမက စာဖတ်သူတွေသိအောင်ကဗျာရဲ့ စတုတ္ထအပိုဒ်ကိုအခုလိုရေပြထားသည်။
"ကြာဖြူ ကြာနီတွေနဲ့
ပနံရတဲ့ကျုံးရေပြင်
ပေါင်တို ပေါင်ညိုတွေနဲ့
အရိုင်းဆန်တဲ့ကျုံးရေပြင်"
တစ်ချိန်က ကြာပန်းတွေနဲ့ အရမ်းလှပတဲ့ ကျုံးရေပြင်ကြီးနဲ့ ယခု မန္တလေးသူညိုချောတွေက ဒူးပေါ် ပေါင်တိုတွေ နဲ့အရိုင်းဆန်နေတဲ့ကျုံရေပြင် ဆိုပြီး နှစ်ခုလုံးပေါ်လွင်အောင်ရေးပြထားသည်မှာအလွန်လှပသည်။ကဗျာရဲ့ ပဉ္စမပိုဒ်မှာတော့
"ယဉ်ကျေးမှုမြို့တော်မှသည်
လုယက်မှုမြို့တော်ဆီသို့
တစ်စတစ်စတိုးတက်ဖြစ်ထွန်းနေတဲ့
ဟသာင်္တို့ရဲ့ နန်းတော်ရှေ့"
ဆရာမက လုယက်မှုတွေမဖြစ်လိုက်နဲ့ ဖြစ်လိုက်ရင် မန္တလေးပဲလို့မပြောပဲ စကားလုံးကိုကျစ်လစ်စွာဖြင့် စာဖတ်သူတွေကိုပြောပြထားသည်။ဟိုတစ်ချိန်က မြွေတွေ ကင်းတွေပေါတဲ့ နန်းရှေ့ဟာလည်း အခုတော့ဖြင့် မိုးမျှော်တိုက်ကြီးတွေနဲ့ဟီးလို့ လူမျိုးခြားတွေပိုင်ဆိုင်ထားကြောင်းကို ကွပ်ကွပ်ကွင်းကွင်းမြင်အောင်ရေးပြထားသည်။
ကဗျာရဲ့နောက်ဆုံးအပိုဒ်ကိုဖတ်လိုက်တော့ ဆရာမ သူ့မြို့ကြီးကိုဘယ်လောက်ချစ်ကြောင်း မြတ်နိုးကြောင်းကို ကဗျာထဲမှာအထင်းသားမြင်တွေ့နိုင်သည်။
"လွမ်းမိတယ် တစ်ချိန်က
ရိုးရိုးယဉ်ယဉ် မန္တလေး
ပြန်မရနိုင်မှန်းသိလျက်နဲ့
ကျွန်မဟာ အရူးတစ်ယောက်လို
အဲဒီမြို့လေးကို
ဂန္တဝင်ဆန်စေချင်တုန်းပဲ"
ကဗျာလေးက ထိုနေရာပင်အဆုံးသတ်ခဲ့သည်။ကျွန်တော်ကတော့ ကဗျာတွေဖွဲ့လို့မကုန်တဲ့ မန္တလေးမြို့ကြီး ကဗျာများနဲ့အတူ ကျန်းမာ ချမ်းသာပါစေကြောင်း ဆုတောင်းနေမိသည်။
ချစ်ခြင်းအားဖြင့်
ချမ်းမြ

No comments:
Post a Comment