"မန္တလေး
နဲ့ အငြိမ့်သဘင်အလွမ်း"
မန္တလေးဟာ အငြိမ့်သဘင်တွေဖွဲ့စည်းစုဝေးရာမြို့တော်ကြီးပါ။မေမေတို့ ဖွားဖွားတို့
ခေတ်တုန်းကဆိုရင်မန္တလေးမြို့အခြေစိုက်အငြိမ့်ဖွဲ့ပေါင်း သုံးလေးငါးဆယ်ရှိတဲ့မြို့ပါ။နေ့ပွဲညပွဲတွေနဲ့အားတယ်လို့မရှိဘူးလေ။အခု
မန္တလေးမှာကအငြိမ့်ဖွဲ့ သုံးဖွဲ့လောက်ပဲရှိတော့တယ်။ဇာတ်အဖွဲ့တွေကတော့ပေါသလားမမေးနဲ့မှိုလိုပေါက်နေတာပဲ။အခုအငြိမ့်ကြည့်ချင်လို့တောင်မန္တလေးမှာလွယ်လွယ်ကြည့်မရပင်
ရှားနေသည်။အငြိမ့်ဆိုတာက ဖိနပ်ဖင်ခုထိုင်ပြီးရတဲ့နေရာကနေ ဝင်ကြည့်လို့ရတယ်။ဇာတ်တွေကြတော့အဲလိုမဟုတ်ဘူးလေ။မင်းစဉ်ဆိုတာကို
သုံးလေးငါးသောင်းပေးဝယ်ပြီးမှကြည့်လို့ရတယ်။မန္တလေးအငြိမ့်တွေနာမည်ကြီးတာလည်းမပြောနဲ့လေ။လူရွှင်တော်{လူပြက်}တွေရဲ့ပြက်လုံးတွေကလည်းအရမ်းကောင်းတယ်။ပြက်လုံးကအငြိမ့်ရဲ့အသက်ပဲလေ။မန္တလေးလူရွှင်တော်တွေက
ပြက်လုံးကို တွေးလုံးတွေနဲ့ပြက်တယ် မညစ်ပတ်ဘူးခါးအောက်ပိုင်းကို ပြက်လုံးမပြက်ဘူး။အဲဒီတော့
မောင်နှမတွေအတူကြည့်ဖို့သင့်တော်တယ်။ပြီးတော့ ပြက်လုံးတွေတစ်စိမ့်စိမ့်တွေးတွေးပြီးရယ်။နောက်ပြီး
မင်းသမီးကိုခေါ်တဲ့ ခွန်းတောက်တွေကအရမ်းနားထောင်ကောင်းတယ်။မန္တလေးအငြိမ့်မင်းသမီးတွေက
အများအားဖြင့်ပန်တျာကျောင်းဆင်းတွေများတယ်။အဲဒီတော့ မင်းသမီးတွေ ကတဲ့အခါမှာလည်း
အလွန်ကြည့်ကောင်းတာပေါ့။စည်းလွတ်ဝါးလွတ်မကဘူး။သူတို့ဆိုတဲ့သီချင်းတွေကောင်းမှကောင်း။လေဘာတီမမြရင်တို့သီချင်းတွေတို့အများဆုံးဆိုကကြတာလေ။အငြိမ့်သဘင်စတာက
ဦးချစ်ဖွယ်ကစပြီး အငြိမ့်မင်းသမီးဆိုလည်း ဦးချစ်ဖွယ် မိန်းမ ဒေါ်စိန်သုံကစတယ်လို့
လေ့လာမှတ်သားဖူးတယ်။အငြိမ့်မင်းသမီးကြီးမငွေမြိုင် ၊ ဥက္ကလာအေးကြည် ၊ လေဘာတီမမြရင်
စတဲ့မင်းသမီးကြီးတွေဆိုသိပ်လူကြိုက်များပေါ့။ကျွန်တော်တို့ခေတ်မှာတော့မန္တလေးအငြိမ့်သဘင်လောကမှာဖြင့်
သပြေဂျာအေး ၊ ဦးချစ်စရာ ၊ ဦးဒီပါ ၊ ဦးပေါစံ ၊ ဦးသိန်းစု သူတို့တွေကသိပ်နာမည်ကြီးတဲ့လူရွှင်တော်ကြီးတွေလေ။အငြိမ့်မင်းသမီးကြီး
ရွှေမန်းသူမြင့်မြင့်သန်း ကကြိုးကကွတ်ဆိုဟန်တွေကအရမ်းကောင်းတယ်။အိမ်တော်ရာဘုရားပွဲဆိုရင်
နှစ်တိုင်းကြည့်ရတယ်။အငြိမ့် နှစ်ငြိမ့်ပြိုင်ကတယ်။ဟိုအငြိမ့်ပြေးကြည့်လိုက်။ဒီအငြိမ့်ပြေးလိုက်နဲ့ပေါ့။အခုလိုလမျိုးဆိုပိုလို့လွမ်းတာပေါ့။အငြိမ့်ပွဲရာသီလေ။ရပ်ကွပ်ဘုရားပွဲတွေလည်းပေါမှပေါ။ကျွန်တော်ငယ်ငယ်တုန်းကဆိုရင်ဖြင့်
ဖေဖေကတစ်လမ်းဝင်တစ်လမ်းထွက်ဘုရားပွဲတွေလျှောက်လည်ပြီး ကြိုက်တဲ့အငြိမ့်တွေ့ရင်ဖေဖေကစက်ဘီးကိုဒေါက်ထောက်ပြီးကျွန်တော်ကိုချီပြီး
အငြိမ့်ပြတယ်။ငယ်ငယ်ကလေးတည်းက ပွဲကြိုက်ခင်ဖြစ်လာတော့ပါပဲ။ဆိုင်သံဗုံသံကြားရင်သွားမယ်ကြည့်မယ်ပဲ။အဲလို
အငြိမ့်တွေပေါတဲ့မန္တလေး။အနုပညာထွန်းကားတဲ့မြို့ ၊ ဘုံဆွမ်းလောင်းအသင်းတွေပေါတဲ့မြို့
၊အငြိမ့်ပွဲတွေ မိုးအလင်းပေါက်ကြည့်မြို့ ၊ အငွေ့အသက်လေးတွေပဲကျန်ပါတော့တယ်။
အငြိမ့်ကို
အရင်လို ပေါ့ပေါ့ပါးပါးလေးနဲ့ ပြန်၍ကြည့်ချင်သည်။
အခုမန္တလေးမြို့ရပ်ကွပ်ဘုရားပွဲတွေ အငြိမ့်ပွဲတွေမတွေ့ရတော့ပေ။အဘယ်ကြောင့်ဆို
အငြိမ့်ပဲငှားငှား၊ဇာတ်ပဲငှားငှားပွဲကခွင့်အမိန့် တောင်းရသည်။ပြီးတော့ အငြိမ့်ငှားတဲ့
ဈေး နဲ့ ဇာတ်ငှားတဲ့ဈေးကလည်းမကွာတော့ လူတွေကလည်းနှစ်ရက်ကြည့်ရမယ် ဇာတ်ကို
ဈေးပေးပြီးငှားတော့တာပေါ့။
အဲဒါကြောင့်အငြိမ့်တွေကရှားပြီး
ရှိတဲ့အငြိမ့်သုံးငြိမ့်လောက်ကလည်း ယဲ့ယဲ့ကလေးဖြစ်နေကြရှာတာပေါ့။
လေးစားလျက်
ချမ်းမြ
၂၀၁၄ ဒီဇင်ဘာ
၁၂ ၊ စံတော်ချိန်သတင်းစာ
No comments:
Post a Comment