ဇန်နဝါရီ ၆ ရက် ၊ ၂၀၁၅ နေ့ထုတ် စံတော်ချိန်သတင်းစာ
ညနေ ၅ နာရီလောက်မှစတင်၍ ၈၄ လမ်းတလျှောက်လုံးတွင်
မန္တလေးမြို့လေးကို အလှဆင်ရန် ညဈေးသည်များ ဈေးခင်း ရန်
ပြင်ဆင်နေကြလေသည်။ ၂၆ လမ်းမှ ၂၈ လမ်းထိက
စာအုပ်အဟောင်းတွေရောင်းတဲ့အတန်းပါ။ ဆရာဇော်ခိုင်ဦးက
လမ်းဘေးတက္ကသိုလ်လို့တင်စားပြီး စာပေဟောပြောပွဲများတွင်
ထည့်သွင်းပြောသည်ကိုကြားဖူးသည်။ ထိုစာအုပ်အဟောင်း တန်းတွင်
စာအုပ်မျိုးစုံရရှိလေသည်။
တချို့စာအုပ်ဆိုင်ပေါ်တွင်မရှိသည့်စာအုပ်မျိုးတွေကို
ထိုလမ်းဘေးတက္ကသိုလ်လေး၌
သွားရောက်ရှာဖွေရသည်။ဈေးလည်းသက်သာပေသည်။ ထိုလမ်းဘေး
တက္ကသိုလ်လေးတွင် စာအုပ်မဝယ်လည်း လာရောက်ဖတ်ရှုနိုင်ပေသည်။
စိတ်တိုင်းကြမှ ဝယ်ယူနိုင်သည်။
၂၈ လမ်း မှ ၂၉ လမ်းထိကတော့ အင်္ကျီဆိုင်၊ အိမ်ဆောက်ပစ္စည်း၊
ဖိနပ်ဆိုင်၊ ရေဒီယို
ကက်ဆက်ဆိုင်နှင့်ဝက်သားဒုတ်ထိုးသည်ဆိုင်များ၊ ထိုးမုန့်ဆိုင်တို့
ရှိလေသည်။ ခင်းကျင်းထားပုံမှာလည်း ၈၄ လမ်းမကြီး လက်ဝဲ လက်ယာနှင့်
အလယ် ခေါင်တို့တွင် ခင်းကျင်းထားလေသည်။ ၁၉၇၇- ၁၉၇၈
ခုနှစ်လောက်တုန်းကဆို မန္တလေးဈေးချိုညဈေးတန်းမှာ အလွန်စည်း
ကားလေသည်။ နာရီစင်ထိပ်မှ စကာ ၃ ပြတိတိ စားသောက်ဖွယ်ရာ စားသုံးသူ၊
ဝယ်ယူသူများနှင့် အလွန်စည်းကားလှပေသည်။ ဈေးသည်များ၏
ဖော်ရွေသောအပြောများကြောင့် ဝယ်သည် မဝယ်သည်အပထား
မန္တလေးဈေးချိုညဈေးတန်းလေးမှာ လူအများအပြားစည်ကားသည်။
နာရီစင်ထိပ်တွင် အကြော်ဆိုင် အအေးဆိုင်များ နောက်စာအုပ်တန်း
ထိုးမုန့်တန်းများဖြင့် မန္တလေးရဲ့ညချမ်းလေးကို အလှ ဆင်ကြလေသည်။
ကျွန်တော်ငယ်ငယ်တုန်းကဆိုရင် စက်ဘီးလေးတစ်စီးဖြင့်
ညပိုင်းတွင် လမ်းဘေးတက္ကသိုလ်၌ ဘဝ အတွက် ပညာများကို
ဆည်းပူးလေ့လာရလေသည်။ ထိုကဲ့ လမ်းဘေးတက္ကသိုလ်၌
ပညာများဆည်းပူးသလို တခါတခါ တွင်လည်း လက်ဖက်ရည်ဖိုးမရှိသဖြင့်
လေးလေး၏စာအုပ်များကို လမ်းဘေးတက္ကသိုလ်လေး၌ ရောင်းစားဖူးလေသည်။
တကနေ့ဆိုရင်ဖြင့် ညနေ ၆ နာရီကတည်းကပင်
ထိုလမ်းဘေးတက္ကသိုလ်လေးစာထိုင်ဖတ်လိုက်တာ ဆိုင်ရှင်ဦးလေးကြီး
ကစာအုပ်တွေသိမ်းနေတာတွေ့တော့မှ နာရီကြည့်မိပြီး
ဆိုင်သိမ်းချိန်ရောက်မှန်းသိပေသည်။
အခုခေတ်ကလေးတွေကို ညဈေးတန်းလို့ ပြောလိုက်လျှင် တရုတ်တန်း
ညဈေးတန်းလားလို့ လာမေးလေသည်။ ရင်နင့်စ ရာပါပဲ။ အဲဒီတရုတ်တန်း
ညဈေးတန်းက ၁၉၉၀ နောက်ပိုင်းမှ စပြီးဖြစ်ပေါ်လာသည်။
ကျွန်တော်တို့မန္တလေးဈေးချိုညဈေး တန်းက ဈေးချိုတော်ရုံကြီး ၁၂
ရုံကတည်းရှိတာ။တရုတ်တန်းညဈေးတန်းက မနေ့တနေ့မှ ပေါ်လာတာပါ။ သူတို့လို
လူငယ်လေးတွေက အခုလိုပြောတော့ ကျွန်တော်စိတ်ထဲ၌ ငါ့တို့
မန္တလေးမြို့ကြီးဟာ ဘိုးဘိုးအောင်မြို့ဖြစ်နေပြီ။ “ဝ”
တစ်လုံးပျက်ရင် “ဝ” နှစ်လုံး၊ “ဝ” နှစ်လုံးပျက်ရင် “ဝ” လေးလုံး
ဟိုနေရာ “ဝ” ဒီနေရာ တရုတ်နဲ့တမြို့လုံးလည်း ထုံးသုတ်စရာမလိုပဲ
ဖွေးနေပြီလို့ တွေးမိသည်။
ဒီမြို့လေးကအပြောင်းအလဲတွေ မကြာခဏဖြစ်နေလို့
လူငယ်လေးတွေသိအောင် ရေးသားတင်ပြလိုင်ခြင်းဖြစ်ပါတယ်။
ညဈေးတန်းလို့ ပြောလိုက်တာနဲ့ ဈေးချိုညဈေးတန်းဆိုပြီး
သိရှိနိုင်ပါစေ။ အမှန်အတိုင်းမြင်နိုင်ကြပါစေ…။ ။
လေးစားလျက်
ချမ်းမြ
No comments:
Post a Comment